နောက်ခံသမိုင်းကြောင်း (၁၉၁၄-ခုနှစ်မှ ၁၈၆၈-ခုနှစ်)
ဘော်တွင်းသတ္တုတွင်း၌
သတ္တုတူးဖေါ်ခြင်းကို ၁၄၁၂-ခုနှစ်မှစ၍ တရုတ်လူမျိုးများ
ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ တရုတ်တို့သည် ထိုခေတ်က ခဲသတ္တုရိုင်းများထဲမှ
ငွေစင်ကိုသာ အဓိကထားထုတ်ယူ ကြိုချက်ခဲ့ကြသည်။ ထို့ကြောင့်ဘော်တွင်းဒေသ၏
သစ်တောများပြုန်းတီးကုန်ပြီး ယခုအခါ တောင်ကတုန်းများအဖြစ်သာ
ကျန်ရစ်ခဲ့လေသည်။ ငွေစင်ကိုသာ ကြိုချက်ယူသွားသဖြင့် ဘော်တွင်းဒေသ
ပတ်ဝန်းကျင်အနီးတဝိုက်တွင် ယခုအချိန်အထိ ခဲချော်ချေး (Slag)
ပုံများကိုတွေ့ရှိရလေသည်။ မက္ကလာရင်၊ ကော်ဂျင်းဘရောင်းစသော ဘူမိပညာရှင်များ၏
မှတ်းတမ်းအရ ရှေးတရုတ်တို့သည် ၁၈၆၈-ခုနှစ်တွင် ဘော်တွင်းသတ္တုတွင်းမှ
အပြီးအပိုင် စွန့်ခွာသွားကြသည်ဟုဆိုပါသည်။
နောက်ခံသမိုင်းကြောင်း (၁၈၆၈-ခုနှစ်မှ ၁၉၀၆-ခုနှစ်)
တရုတ်တိုထွက်ခွာသွားသောအခါတွင်
ဘော်တွင်းပတ်ဝန်းကျင်၌ နေထိုင်လဆက်ရှိသော ကချင်လူမျိုးများ ဘော်တွင်း၏
တောင်ဘက်ယွန်းယွန်းမဝေးလှသော နမ့်ဆန်ဒေသမှ ပလောင်တိုင်ရင်းသားများ
ဝင်ရောက်လုပ်ကိုကြဟန်တူသည်။ ထိုစဉ်ကပင် တိုင်းရင်းသားတို့သည်
ငွေထည်ယဉ်ကျေးမှု ရှိခဲ့သည်မဟုတ်လော။
တရုတ်တို့ထွက်ခွာသွားပြီးနောက်
မြန်မာပြည်သည် မင်းတုန်းမင်နှင့် သီပေါမင်းတို့လက်ထက် ဘော်တွင်းသတ္တုတွင်း၌
အလုပ်လုပ်ရန်တပ်မကြီးများ ပို့လွတ်သော်လည်း သတ္တုတူးဖေါ်သည့်ပညာရပ်တွင်
တတ်ကျွမ်းမှုနည်းပါးသဖြင့် မြန်မာတို့သည် ဘော်တွင်သတ္တုတွင်းမှ
စွန့်ခွာခဲ့ကြသည်ဟု မက္ကလာရင်၏ မှတ်တမ်း၌ ဆိုပါသည်။
တရုတ်ပြည်မင်နန်းဆက်တွင်
နာမည်ကြီးလှသော နန်းတွင်းသုံးငွေထည်ပစ္စည်းများမှာ ဘော်တွင်းသတ္တုတွင်းမှ
ဖြစ်ကြောင်း မစ္စတာဟားဘတ်ဟူးဘား၏မှတ်တမ်း၌ ဆိုပါသည်။ အင်္ဂလိပ်တို့က
ဘော်တွင်းသတ္တုတွင်းမှ စိတ်ဝင်စားသောအရာမှာ တရုတ်တို့ငွေသတ္တုစင်ကို
ကြိုချက်ထုတ်ယူပြီးနောက် အကြွင်းအကျန်အဖြစ် စွန့်ပစ်ထားခဲ့သောခဲချော်ချေး
(Slag) အပုံကြီးများပင်ဖြစ်လေသည်။ ခဲချော်ချေး (Slag) တို့တွင် ၄၅%မှ
၅၀%အထိခဲပါဝင်ပြီး ၁၅%မှ ၁၆%အထိသွပ်ပါဝင်ကြပါသည်။ အင်္ဂလိပ်တို့သည်
၁၉၀၃-ခုနှစ်တွင် Mr. Acmartin ဆိုသူဗြိတိသျှလူမျိုးတစ်ဦးနှင့် Mr. ME
Timber Slay ဆိုသူတို့ တွဲဖက်၍ မြန်မာပြည် သတ္တုတိုးချဲ့တူးဖေါ်ရေး
အေဂျင်စီကိုဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ဂျီ၊ အီး၊ အမ်၊ စီခေါ်
မဟာအရှေ့ဖျားသတ္တုတွင်းကုမ္ပဏီ၊ Great Eastan Mining Co, Ltd. ကိုတည်ထောင်ကာ
ထိုချော်ပုံကြီးကို တူးယူ၍ မန္တလေးတွင် တည်ထားသော
သတ္တုချက်ဖိုလေးများနှင့်ခဲသတ္တုထုတ်လုပ်ခဲ့သည်။
သို့သော် ဂျီ၊ အီး၊
အမ်၊ စီ အနေဖြင့်ထုတ်လုပ်ရေးကိစ္စကိုကောင်းစွာ
မလုပ်မီအကြောင်းအမျိုးမျိုးကြောင့် အကျိုးများစွာမခံစားရဘဲ
မိမိပိုင်ပစ္စည်းများကို ၁၉၀၆-ခုနှစ်တွင် ဘားမားမိုင်းလီမိတတ် (Burmar Mines
Co, Ltd) သို့ရောင်းစားလိုက်ရသည်။
နောက်ခံသမိုင်းကြောင်း (၁၉၀၆-ခုနှစ်မှ ၁၉၄၂-ခုနှစ်)
ဘားမားမိုင်းလီမိတတ်
(Burmar Mine Co, Ltd) ပိုင် အစုရှယ်ရာတန်ဘိုးစုစုပေါင်း ၉၉% ကို
ဘားမားကော်ပိုရေးရှင်းလီမိတတ် (လန်ဒန်) Burmar (Corporation Ltd. London)
ကပိုင်ဆိုင်လေသည်။ ဘားမားမိုင်းသည် မန်းပွဲ-နမ္မတူ-ဘော်တွင်း
၂-ပေအကျယ်မီးရထားလမ်းကို ပြီးစီးအောင်ဖောက်သည်။ မြေအောက်စိုက်တွင်း (
Marmian Shaft ) ကိုလည်း ၁၉၀၉-ခုနှစ်တွင် ဖောက်လုပ်သည်။ (မာမီယံဆိုသော
အင်ဂျင်နီယာက ဆောက်လုပ် ခဲ့သဖြင့် မာမီယံရှပ်ဟု အမည်တွင်လေသည်။)
ထိုစိုက်တွင်းမှ တစ်မိုင်နှင့် ခြောက်ဖာလုံ ဝေးကွာသောနေရာ၌ ` ကျားဥမင် ` (
Tiger Tunnel ) ကို ဖောက်လုပ်သည်။ [ ၁၉၀၅ ခုတွင် ( Mr Herbert Hoover )
ဖောက်လုပ်သည်။ ] မာမီယံ စိုက်တွင်းနှင့် ကျားဥမင်ကို ၁၉၁၄ ခုနှစ်တွင်
ဆက်မိလေသည်။ [ မစ္စ တာဟားဘတ်ဟူးဘားသည် ၁၉၀၅ ခုနှစ်တွင် မိုင်းချုပ်တာဝန်
ထမ်းဆောင်ပြီး ယခုဘော်တွင်းနှင့် (၂)မိုင်ခန့်ဝေးသည့် နမ္မတူနှင့်
ဘော်တွင်းကြားရှိ ` ကျားစခန်း `နေရာ၌ ကျားခြေရာတွေ့ခဲ့သဖြင့် Tiger Tunnel
ကျားဥမင်ဟု အမည်ပေးခဲ့သည်။
ထိုအချိန်တွင်
သတ္တုရိုင်းသယ်ယူပို့ဆောင်ရေး စရိတ်ကြီးမား လှသဖြင့် ဘားမားမိုင်း သည် ၁၉၁၂
ခုနှစ်တွင် သတ္တုကျိုချက်စက်ရုံကို မန္တလေးမှ ဖြုတ်ယူပြီး နမ္မတူ(၃၂)မိုင်
ဒေသ၌ ပြောင်းရွှေ့တည်ဆောက်ခဲ့ လေသည်။
ဘားမားမိုင်းသည် ၁၉၁၀ ခုနှစ်တွင်
ခဲ၊ သွပ်၊ ငွေ၊ သတ္တုတူးဖော် ရေးလုပ်ငန်း ကိုစတင်လုပ်ကိုင်ခဲ့သည်။ ၁၉၁၃
ခုနှစ်တွင် အရည်အသွေး ကောင်းမွန်လှသော ပင်မသတ္တုကြောကြီး (Chinaman Lode)ကို
တွေ့ရှိပြီး မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ သည်။
မရှေးမနှောင်းမှာပင် နမ္မတူ၌ သတ္တုရိုင်း သန့်စင်စက်ရုံနှင့်
ကျိုချက်ဖိုကြီးများ ကိုတည်ဆောက် ပြီးစီးနေပြီဖြစ်ပါသည်။
ဒုတိယကမ္ဘာစစ်
စတင်ဖြစ်ပွားသည့်အချိန်ထိ နမ္မတူဘော်တွင်း၌ သတ္တုတူးဖော်ရေးလုပ်ငန်းများ
အရှိန်အဟုန်ကောင်းစွာဖြင့် လုပ်ကိုင်လျက် ရှိသည်။ အမြင့်ဆုံး
သတ္တုရိုင်းထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် (၅၀၀၀၀၀)ကျော်ရှိပြီး
ပုံမှန်အားဖြင့် တန်ချိန် (၃၅၀၀၀၀)နှင့်(၁၀၀၀၀၀) အကြားတွင်ရှိပါသည်။ ၁၉၄၂
ခုနှစ်အင်္ဂလိပ်တို့ဆုတ်ခွာ သွားချိန်အထိ စုစုပေါင်းထုတ်လုပ်မှု
တန်ချိန်မှာကိုးသန်းနီးပါး၊ အရည်အသွေးမှာ ခဲသတ္တု (၂၁%)ဖြစ်ပြီး
သွပ်နှင့်ငွေပါဝင်မှုလည်း အလွန်ကောင်းမွန်လှသည်။ သူတို့၏ မူလခန့်မှန်းခြေ
သတ္တုသိုက်ပမာဏ၏ (၈၂%)ကို ထုတ်လုပ်ပြီးစီး ခဲ့သည်။
နောက်ခံသမိုင်းကြောင်း (၁၉၄၂-ခုနှစ် မှ ၁၉၄၅-ခုနှစ်)
၁၉၄၂
ခုနှစ်၊ ဧပြီလ(၂၄)ရက်တွင် အင်္ဂလိပ်တို့နမ္မတူဘော်တွင်းမှ အိန္ဒိယပြည်သို့
တစ်ယောက်မကျန် အောင်မြင်စွာ ဆုတ်သွားခဲ့ပြီး။ ထိုစဉ်က
နမ္မတူရှိအထွေထွေမန်နေဂျာက ဂျပန်တို့ဝင်ရောက် သတ္တုမထုတ်နိုင်ရန် အဓိက
အချက်အချာကျသော အစိတ်အပိုင်းများအား ဖျက်ဆီးရန် ဘော်တွင်းမိုင်းချုပ်
တာဝန်ထမ်းဆောင်နေသော သြစတြေးလျနိုင်ငံသား မစ္စတာ အက်စ်ပီကို
အမိန့်ပေးခဲ့သည်ဟု ဆိုပါသည်။ သို့သော် စစ်ပြီးလျှင် ဤ သတ္တုတွင်းကို
ပြန်လည်အသက်သွင်းရမည်ဟု အက်စ်ပီက ယုံကြည် သဖြင့် အထက်ကပေးသော အမိန့်ကို
မနာခံဘဲမြေပုံများ၊ မှတ်တမ်းများ သယ်ယူကာ အိန္ဒိယသို့ပြေးလေသည်။
သို့သော်ဘော်တွင်းသတ္တုတွင်းကြီးကိုတော့ဖျက်ဆီး မသွားခဲ့ပေ။
၁၉၄၂
ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ဂျပန်တို့ နမ္မတူကို ၀င်ရောက် သိမ်းပိုက်ကြလေသည်။
ဂျပန်တို့သည် သတ္တုတူးဖော်ရေးလုပ်ငန်းကို လျင် မြန်စွာစတင်နိုင်ရန်
ကြိုပမ်းကြသည်။ နမ္မတူဝန်းကျင်ရွာများမှ ခိုအောင်း နေသောတရုတ်နှင့်
ဂေါ်ရခါးများ၊ ဘော်တွင်းဝန်းကျင်ရှိ ကချင်တိုင်းရင်း သားများကို
ချွေးတပ်ဆွဲ၍ သတ္တုတူးဖော်ရေးအလုပ်ကို လုပ်စေခဲ့သည်ဟု ဆိုပါသည်။
ဂျပန်တို့သည်
မန်ဆန် ရေကျရှိ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကို ပြန်လည်စေခဲ့သည်။
နမ္မတူ(၃၂)မိုင်ဒေသရှိ သတ္တုရိုင်းစက်ရုံကြီး ကိုလည်းလည်ပတ်၍ သန့်စင်ပြီး
ခဲ-သွပ်၊ ငွေရောရာ သတ္တုရိုင်းအမှုန့်များ ကိုမီးရထားဖြင့်
အဆင့်ဆင့်သယ်ဆောင်၍ ဂျပန်ပြည်သို့ ပို့ခဲ့လေသည်။
၁၉၄၄ခုနှစ်၊
အောက်တိုဘာလ ဂျပန်တို့၏ နောက်ပိုင်းမှ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများ
ပြတ်ကုန်သည်။ သတ္တုထုတ်လုပ်ရေးလုပ်ငန်း များကို ရပ်ဆိုင်းလိုက်ကြသည်။
သို့သော် ဂျပန်တို့သည် ဘော်တွင်း သတ္တုရိုင်း များကုန်ပြီ၊ တူးစရာမကျန်တော့။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် သတ္တုတွင်း သစ်ကြီးတစ်ခု တွေ့ထားသည်ဟူ၍
သတင်းဖြန့်ကာ ဘော်တွင်းအလုပ်သမား များကို မျှားခေါ်သွားသေးသည်။
ဂျပန်တို့သည်
နမ္မတူ-ဘော်တွင်းမှ စက်ပစ္စည်းအစိတ်အပိုင်းများကို ဖျက်ဆီးခြင်း၊ ဖြုတ်ယူ
သယ်ဆောင်သွားခြင်းမပြုနိုင်ခဲ့ပေ။ အမေရိကန်လေတပ်၏ ဗုံး ဒဏ်ကြောင့်
နမ္မတူ(၃၂)မိုင် စက်ရုံကြီးမှာ ပျက်စီးသွားလေသည်။
နောက်ခံသမိုင်းကြောင်း (၁၉၄၅-ခုနှစ်မှ ၁၉၅၁-ခုနှစ်)
ဂျပန်တို့သည်
ဘော်တွင်းကို(၃)နှစ်လုပ်ကိုင်ပြီးနောက် ၁၉၄၅ ခုနှစ်၊ မတ်လ
မဟာမိတ်တပ်များသည် နမ္မတူဘော်တွင်းဒေသကို သိမ်းပိုက်လိုက် လေသည်။
စစ်ပြီးနောက် ဘားမားကော်ပိုရေးရှင်းသည် ၁၉၄၅ ခုနှစ်မှ ၁၉၅၁-ခုနှစ်အထိ
ဘော်တွင်းသတ္တုတူးဖေါ်ရေးကို ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။
ဘားမားကော်ပိုရေးရှင်း (၁၉၅၁-ခုနှစ်မှ ၁၉၆၅-ခုနှစ်)
ဘော်တွင်းမိုင်းသည်
၁၉၀၃ ခုနှစ်လောက်မှစ၍ ၁၉၅၁ ခုနှစ်မတိုင်မီ အချိန်ထိ နိုင်ငံခြားသား
ဗြိတိသျှပိုင် ဘားမားကော်ပိုရေးရှင်းလီမိတက် ဖြစ်ပါသည်။ ၁၉၅၁-ခုနှစ်တွင်
မြန်မာအစိုးရက ဘားမားကော်ပိုရေးရှင်းလီမိတက်တွင် ငွေကျပ် (၅၀)ရာခိုင်နှုန်း
အစုရှယ်ယာပါဝင်၍ ဘားမားကော်ပိုရေးရှင်း လီမိတက်(၁၉၅၁) အမည်ဖြင့်
ဖက်စပ်ကုမ္ပဏီတည်ထောင်ခဲ့ပါသည်။ သို့ရာတွင် (၅၁- ၅၂)မှသာ
ဖက်စပ်ကုမ္ပဏီလီမိတက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။
ဘားမားကော်ပိုရေးရှင်းလက်ထက်
၁၉၆၁ မှ ၁၉၆၉ ခုနှစ်အတွင်း သတ္တုရိုင်းတစ်နှစ်လျှင် သတ္တုရိုင်း
အနည်းဆုံးတန်ချိန် ၁၅၄၀၆၃ (၁၉၆၁-၆၂)၊ အများဆုံးတန်ချိန် ၂၀၄၀၇၀ (၁၉၆၂-၆၃)
တူးဖော်နိုင်ခဲ့ပါသည်။
ပြည်သူ့ဘော်တွင်းလုပ်ငန်း ( ၁၉၆၅-ခုနှစ် မှ ၁၉၇၀-ခုနှစ် )
(၁၈-၁-၆၅)နေ့တွင် ဘားမားကော်ပိုရေးရှင်လီမိတက်ကို ပြည်သူပိုင်ပြုလုပ်၍ ပြည်သူ့ဘော်တွင်းလုပ်ငန်းဟု အမည်ပြောင်းခဲ့ပါသည်။
ပြည်သူ့ဘော်တွင်းလုပ်ငန်း
လက်ထက် ၁၉၆၅-၁၉၇၀ ခုနှစ်အတွင်း တစ်နှစ်လျှင် သတ္တုရိုင်းအနည်းဆုံးတန်ချိန်
(၁၅၀၈၅၀) (၁၉၆၆-၆၇)၊ အများဆုံးတန်ချိန် ၁၆၄၈၈၉ (၁၉၆၅-၆၆)
တူးဖော်နိုင်ခဲ့ပါသည်။
မြန်မာ့ဘော်တွင်းကော်ပိုရေးရှင် (၁၉၇၀-ခုနှစ် မှ ၁၉၇၆-ခုနှစ် )
(၂-၃-၇၀)နေ့တွင်
ပြည်သူ့ဘော်တွင်းလုပ်ငန်းအမည်မှ မြန်မာ့ဘော်တွင်းကော်ပိုရေးရှင်းဟု
အမည်ပြောင်းလဲခဲ့ပါသည်။ မြန်မာ့ဘော်တွင်းကော်ပိုရေးရှင်းလက်ထက် ၁၉၇၀-ခုနှစ်
မှ ၁၉၇၆-ခုနှစ်အတွင်း၌ တစ်နှစ်လျှင် သတ္တုရိုင်းအနည်းဆုံးတန်ချိန် ၆၁၂၃၀
(၁၉၇၃-၇၄)၊ အများဆုံး တန်ချိန် ၁၇၀၁၈၀ (၁၉၇၂-၇၃) တူးဖေါ်နိုင်ခဲ့ပါသည်။
အမှတ်(၁) သတ္တုတူးဖေါ်ရေးကော်ပိုရေးရှင်း (၁၉၇၆-ခုနှစ် မှ ၁၉၈၉-ခုနှစ်)
(၁-၄-၇၆)
ရက်နေ့တွင် မြန်မာ့ဘော်တွင်းကော်ပိုရေးရှင်း
အမှတ်(၁)သတ္တုတူးဖေါ်ထုတ်လုပ်ရေးကော်ပိုရေးရှင်း
အဖြစ်ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့ပါသည်။
အမှတ်(၁)သတ္တုတူးဖေါ်ထုတ်လုပ်ရေးကော်ပိုရေးရှင်းလက်ထက် (၁၉၇၆ မှ ၁၉၈၉)
ခုနှစ်အတွင်း၌ တစ်နှစ်လျှင်သတ္တုရိုင်း အနည်ဆုံးတန်ချိန် ၈၃၃၅၂ (၁၉၇၆ မှ
၇၇)၊ အများဆုံးတန်ချိန် ၂၉၂၆၁၂ (၁၉၈၆-၈၇) တူးဖေါ်နိုင်ခဲ့ပါသည်။
အမှတ်(၁) သတ္တုတွင်းလုပ်ငန်း (၁၉၈၉-ခုနှစ် မှ ၂၀၀၉-ခုနှစ်)
(၁-၄-၈၉)
ရက်နေ့တွင် အမှတ်(၁) သတ္တုတူးဖေါ်ထုတ်လုပ်ရေးကော်ပိုရေးရှင်း အမည်မှ
အမှတ်(၁) သတ္တုတွင်းလုပ်ငန်းအမည်ဖြင့် ပြောင်းလဲပြင်ဆင်သတ်မှတ်ကာ
(၂၀၀၉)ခုနှစ် အထိ နမ္မတူ-ဘော်တွင်းသတ္တုတွင်းလုပ်ငန်းကို
ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းလက်ထက် ၁၉၈၉-ခုနှစ်မှ
၁၉၉၉-ခုနှစ် မတ်လအထိ တစ်နှစ်လျှင်သတ္တုရိုင်း အနည်းဆုံးတန်ချိန် ၁၁၂၅၀၈
(၁၉၉၅-၉၆) အများဆုံးတန်ချိန် ၁၆၁၅၈၅ (၁၉၉၇-၉၈) တူးဖော်နိုင်ခဲ့ပါသည်။
မှီငြမ်း၊ သတ္တုတွင်းနှစ်လည်မဂ္ဂဇင်း (၂၀၀၀-ခုနှစ်) ဘော်တွင်းမိုင်းအကြောင်း တစေ့တစောင်း (နန္ဒာထက်ခိုင်)
No comments:
Post a Comment